Poll Results Stories U-Report အကြောင်း Engagement Reports U-Talk Videos Join Now
U-Reporter တစ်ယောက်အဖြစ်နဲ့ ပြောင်းလဲမှုတွေမှာ ပါဝင်လိုက်ပါ
STORY
ဒီနွေချိန်ခါ


By Kaung Myat Kyaw (U-Reporter)

မြူခိုးဆိုသည်မှာ အေးသောအခါ၌သာ ဝေရီတတ်သည်ဟု ကျွန်တော်မှတ်ယူခဲ့ပါတယ်။ သို့သော် ကျွန်တော့်မျက်စိရှေ့က မြင်ကွင်းတစ်စုံဟာ ဟိုယုံကြည်ချက်ကို ခါးလယ်မှနေ ရိုက်ချိုးပစ်လိုက်သလိုပင်။

ဖြစ်ပုံမှာ သင်္ကြန်ပိတ်ရက်နယ်ပြန်တော့ ပြည်မြို့အဝင် ဧရာဝတီမြစ်ကူး နဝဒေးတံတားတစ်လျှောက် မှာ မီးခိုးလိုလို ဖြူဖြူအငွေ့များ ပိတ်ပိတ်ပုန်းအောင်ဆိုင်းနေသည်ကိုမြင်ခဲ့ရသည်။ ပထမတော့ လေစုန်ရာအထက်အညာမှ တောမီးလောင် ရွာမီးလောင်လို့ လွင့်လာသည့် ပြာများပေလားပေါ့။ သို့ပေမယ့် အနားရောက်မှ မြူများဖြစ်နေသည်ကိုသိလို့ရတော့ အံ့သြမှုပေါင်း ကုဋေကုဋာ ဖြစ်ခဲ့ရသည်။ နွေဦးကာလမြူထခြင်းမှာ ယုတ္တိရှိသော်လည်း ယခုလို အပူလောင်တဲ့နွေလယ်ခေါင်တွင် မြူဆိုင်းနေခြင်းမှာ ကျွန်တော့်အတွက်တော့ ခရက်ချ်ကလေးဆီမှ ပြန်စာလာသည်ထက်ပင် ပို၍ ဆန်းကြယ်လေသည်။ တကယ်တမ်းကျတော့ အပူဒီဂရီထိပ်ဆုံးရောက်နေသော ယခုလိုလချိန်ခါမျိုးတွင် မြူဆိုင်းခြင်းမှာ အခြားကြောင့်မဟုတ်။ အပူလွန်ကဲမှုကြောင့် မြစ်ရေ အငွေ့ပြန်ခြင်းပင် ဖြစ်ကြောင်းသိခဲ့ရသည်။

ထိုနည်းတူ ခါသင်္ကြန်ရောက်သည့်တိုင်အောင် ပန်းပိတောက်များ၏ အရိပ်အယောင် မမြင်ရခြင်းမှာလည်း ချင်းနင်းပူလောင်နေသည့် နွေဥတုကြောင့်ပင်ဖြစ်ပြန်သည်။ ရာသီဥတုပူလွန်းရင်လည်း ပန်းပွင့်နှုန်းလျော့ကျစေတတ်တာပဲလေ။ ဒါနဲ့ပဲ သင်္ကြန်အခါတော်မှာ မြူမှောင်ဝေကင်းဖို့လည်း မဖြစ်နိုင်တော့သလို သင်္ကြန်မိုးပြေးလေးလာပြီး ပန်းပိတောက်ဖူးလေးတွေကို နှိုးဖို့လည်း မစွမ်းနိုင်ရှာတော့ပေ။

ထိုသို့ အပူလွန်ကဲနေရခြင်းမှာ နိုင်ငံတစ်ဝှမ်း အယ်လ်နီညိုခေါ် အပူလှိုင်းဖြတ်သောကြောင့်ဖြစ်သည်။ ဤကာလအတွင်း မိုးခေါင်ရေရှားပြီး   ပူပြင်းခြောက်သွေ့သောကြောင့် စိမ်းစိမ်းစိုနေတတ်သော အမြဲစိမ်းတောများပင်လျှင် ရွက်ပြတ်တောများအလား ငြီးငွေ့ခြောက်သွေ့ဖွယ် ဖြစ်နေတတ်သည်။

ဒါ့အပြင် ခရမ်းလွန်ရောင်ခြည်ကလည်း ဝေဟင်မှသည် မြေပြင်သို့တရစပ် ဖြာထွန်းနေသောကြောင့် အများပြည်သူများ အတွက်လည်း အန္တရာယ်မကင်းလှချေ ။ ခရမ်းလွန်ရောင်ခြည်အမြင့်ဆုံးဖြစ်သော မနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း နေရောင်တိုက်ရိုက်မထိတွေ့အောင် ရှောင်ရှားသင့်သည်။

အပူလွန်ကဲပြီး Heat Stroke မဖြစ်စေရန်အတွက်လည်း တက်နိုင်သမျှအပူအအေးမျှအောင် အေးမြစေသော အဝတ်အစားများဝတ်ပြီး ရေများများ သောက်ပေးဖို့လည်း လိုပါတယ်။ နေဆယ်စင်းထွန်းလင်းသလို ပူလောင်နေတော့ အသက်ရှူရုံနှင့်ပင် ချွေးများထွက်ထွက် နေတတ်တယ်။ ဒါကြောင့် ချွေးထွက်လွန်လာပါက ရေနှင့်အတူ ဓာတ်ဆားပါ ရောသောက်ပေးဖို့မမေ့ပါနှင့်။

အခုကျွန်တော်ကိုယ်တိုင်လည်း စာရေးရင်း ချွေးတွေနစ်နေလို့ ပန်ကာဖြစ်ဖြစ်၊ air-con ဖြစ်ဖြစ်ဖွင့်ဖို့ လုပ်တုန်း မီးကပြတ်သွားရော။ သန်းခေါင်ယံတိုင်အောင် အပူမလျော့သည့် ယခုလိုကာလမျိုးမှာ မီးကလည်းပျက်တော့ ရင်မှာမွန်းကျပ်ပူလောင်လာပြီး ကိုယ့်စိတ်နဲ့ကိုယ်မကျေမချမ်းဖြစ်ကာ  တစ်ပူပေါ်နှစ်ပူဆင့် ရပြန်သည်။ ကျွန်တော်ထင်တယ်၊ အယ်လ်နီညိုအုပ်စိုးနေသည့် ကာလပတ်လုံး နိုင်ငံတစ်ဝှမ်း အပူမျိုးစုံကို ခံစားရင်ဆိုင် နေရမယ်ဆိုတာ။

ဤလိုနွေကာလမျိုးမှာ အေးအေးမြမြနေနိုင်သူတွေဆိုတာ မရှိသလောက်ပင်။ အပူရှိန်ကြောင့် နေရိပ်အောက် နေသည့်တိုင် ရေပမာယိုစီးသည့် ချွေးများနစ်နေတဲ့ လူတွေဒုနဲ့ဒေးပေါ့။ အဓိကတော့ အညာကလူတွေပေါ့။ အညာဆိုတာ နဂိုကမှပူရသည့်အထဲ အယ်လ်နီညိုစိုးမိုးနေတော့ အညာသားတို့ရင်ဆိုင်ရမယ့်အပူဟာ တကယ်မသေးပေဘူး။ ဒါပေမယ့် ဒီလို သန္ဓေမမှန်တဲ့ ဥတုမျိုးမှာ ရရာပစ္စည်း ယပ်တောင်လုပ်ကာ လာသမျှအပူကို ကြံ့ကြံ့ခံ အံတုနေတာကို မချီးကျူးဘဲမနေနိုင်။

သို့သော်ဒီလို ညိုးရက်စက်ပူသည့်နွေဟာ သက်ဆိုးရှည်ပါအုန်းမယ်။ ပညာရှင်များ၏သုံးသပ်ချက်အရ မေလလယ်လောက်အထိ အယ်လ်နီညိုအပူလိုင်းကို ကြုံရမှာဖြစ်ပြီး မိုးဦးလည်း အလာနှောင်းမယ်လို့ သိရပါသည်။ ဘယ်လိုပဲဖြစ်ဖြစ် ရာသီနွေလွန်လျှင် ဝသန်မိုးပုလဲတွေကျ လာမည်မှာ မလွဲပေ။ ထိုအခါမှ နွေတုန်းက ခံစားခဲ့သမျှ အပူသောကတွေကို ရာသီပြောင်းချိန်မှာ မိုးရေအေးဖြင့် ဆေးကြောပြီး  အေးချမ်းမှုစစ်စစ်ကို ကျွန်တော်တို့အတူ ခံစားကြပါစို့။ ထိုအချိန််မတိုင်မီအထိတော့ အယ်လ်နီညို အပူလှိုင်းဒဏ်ကို တူယှဥ်ကာအစွမ်းပြကာကွယ် လိုက်ကြရအောင်လား သူငယ်ချင်းတို့....

See by the numbers how we are engaging youth voices for positive social change.
EXPLORE ENGAGEMENT
UNICEF logo